သံဘိုစခန်းသိမ်းတိုက်ပွဲအတွင်း TNLA မှာ သင်တန်းတက်နေတဲ့ မြောင်က ရဲဘော်တဦးကျ

သံဘိုစခန်းသိမ်းတိုက်ပွဲအတွင်း TNLA မှာ သင်တန်းတက်နေတဲ့ မြောင်က ရဲဘော်တဦးကျ

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သံဘိုစခန်းသိမ်းတိုက်ပွဲအတွင်း TNLA မှာ စစ်သင်တန်းတက်ရောက်နေတဲ့ Shwe Ao Revolution Force (မြောင်မြို့နယ်အခြေစိုက်)က ရဲဘော်တွေလည်း ပါဝင်ခဲ့ကြပြီး ရဲဘော်တဦးကျခဲ့ တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၃ ရက်က သံဘိုစခန်းကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်း သိမ်းဆည်းနေချိန် စစ်ကောင်စီ ဘက်က ဒရုန်းနဲ့ ဗုံးလာကျဲလို့ ထိမှန်ပြီး အသက် ၂၁ အရွယ် ရဲဘော်ထွန်းလင်းမြတ်(ခ)ဝူခုန်း သေဆုံးကာ တဦးက ဗုံးစထိမှန် ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

အဆိုပါ ကျဆုံးရဲဘော်ဟာ ရှမ်းမြောက် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှာ စစ်သင်တန်းတက်ရောက်နေတာ ၇ လခန့်ရှိပြီဖြစ်ပြီး အညာဒေသကို ပြန်မလာခင် တိုက်ပွဲအတွေ့ကြုံယူရန် ရှေ့တန်းလိုက်ရင်းကနေ အခုလိုကြုံရတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

 

 

 

 

“အဖွဲ့က လက်နက်ခဲယမ်းမပြည့်စုံလို့ ကလေးတွေက ရှမ်းမြောက်ကို စစ်ပညာသင်သွားတာ၊ သွားရင်း စခန်းသိမ်း တိုက်ပွဲမှာ ဗုံးသီးအစမှန်ပြီး ကျသွားတာ၊ ခုကလေးတွေက တိုက်ပွဲပြီးလို့ လက်နက်ခဲယမ်းသွားအသိမ်းမှာ ထိသွားတာ၊ ဟိုကပြန်လွှတ်မှာကို သူတို့ကလည်း အတွေ့အကြုံလိုချင်တော့ တလ ၂ လလောက် တိုက်ဦးမယ် ဆိုပြီး နေရင်းနဲ့ အခုလိုကြုံတာပေါ့။” လို့ အဖွဲ့ခေါင်းဆောင် ဗိုလ်ယက္ခက ပြောပါတယ်။

 

ကျဆုံးရဲဘော်ဟာ အသက် ၇၀ ဝန်းကျင်ရှိတဲ့ အဖိုး၊ အဖွားဖြစ်သူနဲ့ အတူနေထိုင်တာဖြစ်ပြီး မြေးဖြစ်သူရဲ့ ကျန်ရစ်ပစ္စည်းတွေ ရောက်လာရင် ဇာတိမြို့ဖြစ်တဲ့ မြောင်မြို့နယ် ‌တနေရာမှာ ရက်လည်ဆွမ်းသွပ် တရားနာ လုပ်ဖို့ စီစဉ်ထားကာ အဖိုးနဲ့အဖွားကိုတော့ အဖွဲ့က ဆက်လက်တာဝန်ယူ စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

 

“သူတို့(တိုင်းရင်းသားဒေသဘက်)က လှမ်းပြီးဆက်သွယ်တာ။ သူတို့ အာဇာနည်ကုန်းမှာ မြေမြှုပ်သဂြိုဟ်ပြီး အပေါ်ကနေ ဂူတည်ပေးတယ်။ ကျတော်တို့ဘက်မှာတော့ သူ့ရဲ့အသုံးဆောင်ပစ္စည်းလေးတွေ ဒီကိုရောက်ပြီဆို ရင်တော့ နာရေးအခမ်းနားနဲ့ အာဇာနည် ဗိမာန်လေးတခု တည်ပေးဖို့ အစီစဥ်ရှိတယ်။” လို့ သူက ဆက်ပြောပါ တယ်။

 

 

နောင်ချိုမြို့နယ်၊ သံဘိုစခန်းသိမ်းတိုက်ပွဲကို TNLA နဲ့ MDY-PDFတို့ ပူးပေါင်းကာ ဇန်နဝါရီ  ၂ ရက်ထဲက တိုက်နေ တာဖြစ်ပြီး ၃ ရက်မှာ သိမ်းနိုင်ခဲ့ကာ စစ်ကောင်စီ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်ကို အရှင်ဖမ်းမိပြီး ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

 

ပုံစာ-သံဘိုစခန်းသိမ်းတိုက်မှာ ကျဆုံးသွားတဲ့ရဲဘော်ထွန်းလင်းမြတ်

 စာတည်း-လင်းဇေ

#မြေလတ်အသံ

#ရှမ်းပြည်မြောက်ပိုင်း #နောင်ချိုမြို့နယ် #သံဘိုစခန်း #စစ်သင်တန်း #မြောင်မြို့နယ် # TNLA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10